• Home
  • Articles
  • Portrait & Glamor
  • Video
    • Activities
    • Beauty
    • Environmental
    • Festivals
    • Interview
    • Health
    • Places and landmarks
    • Travelogue
    • Women Empowerment
  • About
  • Contact

© 2025 Yangon Thu Michelle. All rights reserved. Privacy and Policy.

Menstrual Cup

Articles Nov 08, 2021
Menstrual Cup Knowledge sharing by Yangon Thu Michelle

ချစ်ရပါသော အမျိုးသမီးထုကြီးရေ …အမျိုးသမီးလစဉ်သုံးဓမ္မတာခွက် (menstrual cup)နဲ့ ပတ်သတ်လို့ မီရှဲရှေ့ဆုံးကနေ တက်တက်ကြွကြွလော်ဘီလုပ်တယ်ဆိုတာ သိကြတယ်ဟုတ်။

ပတ်ဝန်းကျင်က မိန်းမမှန်သမျှလည်း သုံးဖို့ အားပေးတိုက်တွန်းလို့ သုံးကုန်ကြပြီ။ အမေတောင် အသက်ကြီးသွားလို့ ကပ်လွတ်သွားတာ 🤣။ ပတ်ဝန်းကျင်မှာ အမှိုက်နည်းဖို့ ဘာညာက နောက်မှထား၊ ကရိကထသက်သာတာက အရင်။ ရာသီလာတဲ့အခါ အရေးအကြောင်းဖြစ်တာနဲ့ တိုက်ဆိုင်ခဲ့ရင် တားလို့လည်းမရတော့ ခွက်တစ်ခု၀ယ်ထားရုံနဲ့ ကျစ်ကျစ်လစ်လစ်သယ်သွားပြီး သုံးလို့ရတယ်။ (သေချာသန့်စင်ပြီးသုံးရင် တခြားအမျိုးသမီးနဲ့ပါ မျှသုံးလို့ရသေးတယ်) အရင့်အရင်က ဓမ္မတာခွက်နဲ့ ပတ်သတ်ပြီး ဘယ်လိုသုံးတယ်၊ ဘာကြောင့်သုံးသင့်လဲဆိုတာ မီရှဲပြောခဲ့ဖူးပြီးပြီ၊ တခြားဘလော့ကာတွေရဲ့မျှဝေချက်တွေလည်းရှိပြီးသားမို့ ရှာဖတ်ကြည့်ပေးနော် …..။

အခုတော့ အားသာချက်တွေကို ပိုသိလာကြတော့ ဒီနှစ်ပိုင်းဆိုရင် စျေးကွက်ထဲမှာ အရင်ကထက် ဓမ္မတာခွက်အမျိုးအစားဒီဇိုင်းစုံစုံတွေ့လာရတယ်။ စျေးလည်း အစားစားပဲ။ အမေးများတာက ဘယ်အမျိုးအစားကောင်းလဲ ဘယ်လိုရွေးချယ်ရမလဲ ဆိုတာပါပဲ။ မီရှဲပုံစံအစုံ စမ်းကြည့်ပြီးပြီ။ ရှာဖွေတွေ့ရှိချက်ကို မပြောပြခင် ဒီလို ဓမ္မတာခွက်သုံးသူကော မသုံးသူပါ အချင်းချင်းကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးခြယ်တာကို အပြစ်တင်မဝေဖန်ကြဖို့နဲ့ အမျိုးသားများ ဗဟုသုတအနေနဲ့ သာဖတ်ရှု့ဖို့ပြောချင်ပါတယ်။

Menstrual Cup သုံးချင်တယ် ဘယ်လိုရွေးဝယ်ရမလဲ
ကျပ်ခြောက်ထောင်ကနေ တစ်သိန်းကျော်အထိ စျေးရှိပါတယ်။ ဘာကွာလဲဆိုတော့ သုံးတဲ့

  1. ပြုလုပ်ထားတဲ့ ကုန်ကြမ်းအမျိုးအစား၊
  2. ပုံစံ ဒီဇိုင်း၊
  3. စျေး။

မြန်မာနိုင်ငံ စျေးကွက်ထဲ ဝယ်လို့ရတဲ့အမျိုးအစားထဲမှာမှ စမ်းသုံးထားတဲ့ပုံစံတွေရဲ့ အားသာချက်၊ အားနည်းချက်ကို တစ်မျိုးချင်းစီ မျှဝေပေးပါရစေ။
တစ်ပုံချင်းစီကြည့်ပေးနော် …။ အသုံးတည့်တယ်ဆိုရင် မျှဝေဖို့လည်း မမေ့ပါနဲ့ဦး …။

 

Silicon Menstrual cup
ပထမဆုံးသုံးဖူးတဲ့အမျိုးအစားပါ။

အားသာချက် – တခြားအမျိုးအစားနဲ့ယှဉ်ရင် စျေးသက်သာတယ် (၁၉၅၀၀ ကျပ်)။ ကိုယ်ထည်ပြည့်ပြည့်ရှည်ရှည်ဆိုတော့ ကြာကြာထည့်ထားလည်း တော်ရုံ မစိမ့်ဘူး။ ခေါက်ရလွယ်တယ်။ ပုံစံအစုံခေါက်လို့ လက်ထဲကနေ ချော်မထွက်ဘူး။ မိန်းမကိုယ်လမ်းကြောင်းကနေ ကလေးမွေးဖူးသူဆို ဆိုဒ်အကြီးသုံးရပါတယ်။ ဆီလီကွန်နဲ့လုပ်ထားပြီး အသားတောင့်ပေမယ့် သုံးတဲ့အခါ ခေါက်လို့လွယ်တဲ့အထိ ပျော့တယ်။
အားနည်းချက် – အကြည်ရောင်ဆိုတော့ သုံးပြီးရင် အရောင်ညစ်သွားတယ်။ သုံးပြီးခါစ အနံ့စွဲတတ်တယ် (ခဏလေသလပ်ခံထားပြီးရင် ပြန်ပျောက်တယ်)။
ပြန်ထုတ်တဲ့အခါ ခွက်အောက်ခြေကို တော်ရုံညှစ်မရဘူး။ လက်မောင်းအရင်းကို ဆွဲဆိတ်သလို မာမာတင်းတင်းနဲ့ အားသုံးညှစ်မှ ထွက်လာတယ် (personal experience မို့လို့တခြားလူတွေကြုံချင်မှ ကြုံရပါမယ်) ရိုးတံအတိုအရှည်ပေါ်မူတည်ပြီး သုံးတဲ့အခါ ထောက်နေတာကိုသိရတယ်။ ရိုးတံကို ညှပ်လိုက်လို့ရပေမဲ့ အရမ်းတိုသွားရင်လည်း စမ်းရှာရခက်နေပြန်ရော …။ ရွေးဝယ်မယ်ဆိုရင် ရိုးတံထိပ်လုံး ကို အားပေးပါတယ်။ Nova Menstrual Cup မှာပုံစံနှစ်မျိုးလုံးရပါတယ်။

ပုံထဲက ဒီဇိုင်းက ထိပ်ပုံစံ ရိုးရိုးနဲ့ပါ

 

မွေးလမ်းကြောင်းပုံ menstrual cup (birth canal shape)

အားသာချက် – လျှော်နဲ့လုပ်ထားပြီး အသားတောင့်တယ်။ ဆီလီကွန်ထက် အသားပိုမာပြီး ပိုပါးတယ်။ မွေးလမ်းကြောင်းပုံစံထုတ်ထားတော့ ထောက်တာမရှိဘူး။ ရိုးတံအကွေးကို အပေါ်ထောင်ထည့်ထားဖို့တော့လိုတယ်။ အရောင်စွန်းတာ အနံ့စွဲတာမရှိဘူး။ ဓမ္မတာအနည်း အများပေါ်မူတည်ပြီး ဆိုဒ်ကြီး ဆိုဒ်သေးရွေးရုံပဲ။ အဝအကျယ်ဆိုဒ်က သိပ်မကွာဘူး။ ပြန်ဆွဲထုတ်အခါ ခွက်အောက်ခြေ သိမ်နေတော့ ညှစ်ပြီးဆွဲထုတ်ရတာ ပိုလွယ်တယ်။ ဆီလီကွန်နဲ့ အလာဂျစ်ရှိသူဆို ဒီအမျိုးအစားသုံးသင့်တယ်။
အားနည်းချက် – စျေးနည်းနည်းများတယ် (၄၅၀၀၀ ကျပ်)။ ဓမ္မတာများတဲ့အချိန် ခွက်အသေးသုံးမိရင် ခဏလေးနဲ့ စိမ့်လာရော။ ထည့်ပြီးရင်လည်း ခွက် မပွင့်တတ်တာမျိုးရှိတော့ ပွင့် မပွင့်သေချာစမ်းရတယ်။

မီရှဲအမြင်ကတော့ အမျိုးအစားကောင်းကောင်းကို ပိုက်ဆံတစ်ခါပဲအကုန်ခံဝယ်ပြီး ကြာကြာသုံးရတော့လည်း တန်ပါတယ်။ သိချင်တာ အဆင်မပြေတာရှိရင် Nova Menstrual Cup ကို အချိန်မရွေးမေးပြီး ခေါင်းစားလို့ရနေတာပဲကို။

 

မွေးလမ်းကြောင်းပုံ menstrual cup ကို ဆိုဒ်အကြီးအသေး ရွေးတဲ့နေရာမှာလည်း အသက်အရွယ်၊ sexual activity၊ ကလေးမွေးဖူးခြင်း ရှိ မရှိနဲ့ရွေးတာ မဟုတ်ပဲ ဓမ္မတာနည်းရင် ခွက်အသေး၊ များရင် အကြီး ရွေးရုံပါပဲ။

 

Clear Silicone

ဒါက လွန်ခဲ့တဲ့သုံးနှစ်လောက်က ပုံစံအစုံသုံးဖို့ ဝယ်ထားတာ။ အလီအိက်စ်စပရက်စ်က (အခုတော့ boycott ထားလို့ app ပါ ဖျက်ပလိုက်ပြီ)
အားသာချက် – ဆီလီကွန် အပျော့သားပါ။ ဆိုဒ်သေးတော့ ထည့်ရလွယ်တယ်။ ပျော့တော့ ပုံစံအစုံခေါက်လို့ရတယ်။ အကြည်သားဆိုတော့ အရောင်ညစ်လာပြီး သုံးပြီးကာစဆို အနံ့စွဲတယ်။
အားနည်းချက် – ဒီပုံစံ မြန်မာနိုင်ငံမှာရောင်းတာ မတွေ့သေးဘူး။ ခွက်သေးတော့ပြည့်လွယ်တယ်။ ဘာကြောင့်မှန်းမသိဘူး … ရိုးတံဖြတ်ပြီးတာတောင် သုံးတိုင်းထောက်နေတယ်။

 

ဆီလီကွန်လက်ကိုင်ကွင်း နဲ့ menstrual cup

အခုရက်ပိုင်းမှ စမ်းသုံးဖြစ်ပြီး ဆီလီကွန်နဲ့ပဲ လုပ်ထားတဲ့အမျိုးအစားပါ။
အားသာချက် – ကိုယ်အတွင်းထဲ ခွက်ပျောက်မှာ စိုးရိမ်တတ်သူအတွက် အထူးသင့်တော်ပါတယ်။ ကာလာအနောက်ဆိုတော့ စွန်းလည်း မသိရဘူး။ ခွက်အောက်ခြေကို ညှစ်ထုတ်ပြီး ဆွဲထုတ်တဲ့အခါ ရှာမတွေ့ရင်/ခွက်ညှစ်ရခက်မှာမျိုး ပူစရာမလိုတော့ပါဘူး။ ကွင်းကိုရှာပြီး ဆွဲထုတ်လိုက်ရုံပဲ။ စျေးလည်း မဆိုးဘူး (၁၇၅၀၀ ကျပ်)။

အားနည်းချက် – စိတ်ထဲ ဆီလီကွန်အသားနည်းနည်းမာသလိုခံစားရတယ်။ ပုံစံအစုံ ခေါက်ကြည့်တဲ့အခါ တချို့ပုံစံခေါက်ရင် လက်ထဲကနေ ကန်ထွက်နေတာမျိုးရှိတယ်။ မီရှဲသုံးတဲ့အခါ ထောက်တဲ့ခံစားချက်ရနေတယ်။ တခြားလူတော့ ဘယ်လိုနေလဲ မပြောတတ်ဘူး။

 

ဒါတွေက မီရှဲသုံးခဲ့တဲ့ အမျိုးအစားတွေပါ။ သားအိမ်လမ်းကြောင်းရှည်ရင်တော့ ရိုးတံရှည်တဲ့ပုံစံက သင့်တော်ပါတယ်။ သားအိမ်လမ်းကြောင်းရဲ့ အနေအထားက သုံးလက်မနဲ့ ခြောက်လက်မကြားပဲရှိပေမဲ့ များသောအားဖြင့် အရပ်ရှည်ရင် ခါးရိုးရှည်ရင် သားအိမ်လမ်းကြောင်းရှည်တတ်ပါတယ် (အရပ်ငါးပေဆယ်လက်မလောက် ကိုပြောတာနော်) ရိုးတံရှည်ရင်လည်း ဖြတ်သုံးလို့ရတာမို့ သိပ်တော့ ပူစရာမလိုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သွေးဆင်းတဲ့ပမာဏ၊ ခန္ဒာကိုယ်ပုံစံ၊ နေပုံထိုင်ပုံ မတူတာမို့ ဒီအချက်တွေက ဝယ်ဖို့စဥ်းစားတဲ့အခါ အထောက်အကူဖြစ်မယ် မျှော်လင့်ပါတယ် …။

 

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ပို့စ်တွေမှာ တွေ့ကြမယ်။ ပေ့ချ်ကိုလည်း follow လုပ်ထားပါဦးနော် ….။

ချစ်တဲ့
ရန်ကုန်သူမီရှဲ

Share This Post
Facebook Twitter Linkedin
  • Health
  • Knowledge Sharing
  • Lifestyle
  • Women empowerment
  • Women's Health
  • Yangon Thu Michelle
Newer Older