8 Low Investment Business Ideas (2)
Articles Nov 21, 2021
အပိုင်း(၂) မှာတော့ နောက်ထပ် အလုပ်ဖြစ်မဲ့နည်းလမ်းတွေ (low investment business ideas) ပြောပြပေးထားပါတယ်။ ကျွမ်းကျင်မှု့ လိုအပ်ချက်ရှိနေပေမဲ့ လေ့ကျင့်လို့ သိပ်မခက်ပါဘူး။ အောက်ခြေသိမ်းလုပ်ရတာပေမဲ့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါလေ …။
၁၁။ စာရေးကိရိယာ ရောင်းဝယ်ရေး
ကျောင်းတွေပိတ်၊ အိမ်ကနေ အလုပ်လုပ်နေရတော့ အရင်ကလို စာရေးကိရိယာတွေက လက်လှမ်းမှီရာမှာ ရှိမနေဘူး။ စာရေးကိရိယာဆိုတာကလည်း ရေးနေကြ ဘောပင်မှ ရေးချင်တာ၊ သုံးနေကြ note pad ကို အစိမ်းရောင်နဲ့မှ စသည်ဖြင့် ချေးများတဲ့ မီရှဲလို လူမျိုးအတွက် လိုအပ်တဲ့ပစ္စည်းတွေက အိမ်နားကဆိုင်မှာ ရမနေဘူး။ အရင်လို ထွက်ဝယ်ဖို့ကလည်း အပြင်မသွားချင်ရင် စာရေးကိရိယာသီးသန့် ဝယ်ပေးနိုင်တဲ့ service စမလုပ်သင့်ဘူးလား။ ရုံးအကြီးကြီး လူများများရှိတဲ့နေရာနဲ့သာ ချိတ်မိရင် ပိုအဆင်ပြေသွားမှာ။
အားသာချက် – စာရေးကိရိယာက အမြဲရောင်းရတယ်။
အားနည်းချက် – A4 စက္ကူ နှစ်ပုံးထက်မက သယ်ရတဲ့အခိုက်အတန့်ရှိလာမှာ။
Source – သိမ်ကြီးစျေး၊ စာရေးကိရိယာသွင်းတဲ့ ကုမ္ပဏီ (ဥပမာ Flex Office၊ Uni)
၁၂။ Delivery
ကားပိတ်တာရယ်၊ ကိုဗစ်ရယ်၊ အချိန်ကုန်သက်သာတာကို လူတွေသတိထားမိလာတော့ တစ်ခုခုဆို ဒယ်လီနဲ့ပဲ ပို့ကြတော့တာ။ အသေးအမွားက အစ ပို့လို့ရ၊ ဝယ်လို့ရတော့ အကုန်ဒယ်လီနဲ့ပဲ။ ဒါဆို ဒယ်လီဘယ်လိုစလုပ်ကြမလဲ။ စက်ဘီးနဲ့ပို့မှာလား၊ ကားနဲ့ပို့မှာလား၊ သူများဆီမှာ အလုပ်ဝင်မှာလား၊ ကိုယ်တိုင်လိုက်ပို့မှာလား စဥ်းစားပါ။ ကိုယ်နဲ့အလုပ်တူတဲ့ မိတ်ဆွေနဲ့ ချိတ်ဆက်ထားပါ။ မြို့နယ်အလိုက် ဈေးသတ်မှတ်ပါ။ မြို့တွင်းနဲ့အလှမ်းဝေးတဲ့နေရာဆို ကားနဲ့မှ အဆင်ပြေမယ်။ မြို့တွင်းဆို စက်ဘီးနဲ့က ပိုမြန်တယ်။ ကား/စက်ဘီးရွေးပြီးရင် ဘယ်လိုစလုပ်မလဲဆိုရင်တော့ မီရှဲသာဆို ဖေ့စ်ဘုတ်နယူးဖိမှာတွေ့သမျှ အွန်လိုင်းဆိုင်တွေကို မက်ဆေ့ပို့ လိုက်မိတ်ဆက်မိမှာပဲ။ နောက်တစ်နည်းက ကားဂိတ်ချပစည်းတွေကို အိမ်အရောက်ထပ်ပို့ပေးလို့ရတယ်။ ကားဂိတ်က စာရေးမကိုတော့ မုန့်ကျွေးပေါင်းရမှာပေါ့။
အားသာချက် – မိတ်ရသွားရင် အမြဲအလုပ်ရှိတယ်။
အားနည်းချက် – လူတိုင်းလုပ်နေကြတော့ အပြိုင်အဆိုင်များတယ်။ မြန်နိုင်မှ ဆားဗစ်ကောင်းမှ ရမယ်။ အထပ်မြင့်တက်မပို့ဘူး၊ လမ်းညွန်တာ သေချာနားမထောင်ဘူး၊ စကားပြောအချိုးမပြေဘူးဆိုရင် ရေရှည်ရပ်တည်ဖို့မလွယ်ပါဘူးရှင်။
၁၃။ အိမ်ပွဲစား
ဒီအချိန်အရောင်းအဝယ်ဖြစ်နေတာ အိမ်အရောင်းအဝယ်ပါပဲ။ ရပ်ကွက်ထဲက တိုက်ခန်းငှား၊ ရောင်း ဆိုင်းဘုတ်တင်ထားရင် ပိုင်ရှင်ကိုရအောင်ဆက်သွယ်ပြီး တိုက်ခန်းဓာတ်ပုံရိုက်၊ အချက်အလက်ရေးပြီး အိမ်အရောင်းအဝယ်ဂရုထဲ တင်ထားရုံပဲ။ လက်ထဲ အခန်းများများရွေးစရာရှိပြီး အဆက်အသွယ်မိတ်ဆွေများများရှိတဲ့လူဆို ဒီအလုပ်လုပ်လို့ကောင်းပါတယ်။
အားသာချက် – မိတ်ရသွားရင် အလုပ်ကောင်းပါတယ်
အားနည်းချက် – ဝင်ငွေပုံမှန်မရှိဘူး
၁၄။ အဟောင်းဝယ် ရောင်း
ငယ်ငယ်ကဆို ဒန်အိုးဒန်ခွက်တွေ ဝယ်တယ်၊ ဗလာစာအုပ်တွေ ဝယ်တယ်ဆိုပြီး ရပ်ကွက်ထဲလာအော်တဲ့လူ နည်းသွားတော့ ဒါကိုယ့်ရဲ့ခွင် (ဂွင်)ထဲရောက်လာပြီ။ အိမ်တိုင်းမှာ ပစ်ချင်ပါရဲ့နဲ့ ပြင်လိုက်ရင်ကောင်းသွားမှာဆိုပြီးဘယ်တော့မှ မပြင်ဖြစ်တဲ့ စက်ပစ္စည်းနဲ့ နောက်လိုရင် သုံးရအောင် သိမ်းထားတဲ့ ဘယ်တော့မှ မသုံးဖြစ်တဲ့ ပစ္စည်းတွေရှိတယ်။ အဲ့ဒီပစ္စည်းတွေကို လိုက်တောင်းပြီး အဟောင်းဆိုင် ပြန်ရောင်းလို့ရတယ် သိလား။ ပြန်ဝယ်တဲ့ဆိုင်တွေက ရပ်ကွက်တိုင်းမှာ ရှိတယ်။ စုံစမ်းပြီးသား ရောင်းပလိုက်တော့ …။
အားသာချက် – အမှိုက်က ငွေဖြစ်တယ်
အားနည်းချက် – အမှိုက်လိုက်စုရတာ၊ တောင်းရတာ ရှိမယ်။
၁၅။ အင်္ကျီတစ်ပတ်ရစ်ရောင်း
ဘေထုပ်နဲ့ မတူပဲ ကိုယ့်ရဲ့ အင်္ကျီတွေကို ရောင်းချင်တဲ့ ပိုင်ရှင်ဆီကနေပဲ ယူရောင်းပေးတာပါ။ အဲ့ဒီအချိန်ကျရင် အင်္ကျီတွေက ပိုင်ရှင်ရဲ့ အကြိုက်ပေါ်မူတည်ပြီး theme ကွာတတ်တယ်။ မြင်သာအောင် ပြောရင် အင်္ကျီပွဲစား (အကျိုးဆောင်)ပါ။ စလုပ်ချင်တယ် ဆိုရင် ကိုယ့်ရဲ့ အဝတ်ဗီဒိုကိုရှင်းပြီး ပေ့ချ်ထောင်ပြီးရောင်း၊ ဒါမှမဟုတ် ဖေ့စ်ဘုတ်ဂရုတွေထဲ လိုက်ရောင်းပါ။ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အဝတ်ကို ပိုက်ဆံပါဆင့်တစ်ခုယူပြီး ရောင်းလဲ ဖြစ်တာပဲ။ ဥပမာအနေနဲ့ Ethikal ဆိုရင် အင်္ကျီတွေရောင်းပေးပြီး ပါဆင့်ယူပါတယ်။ ရောင်းမကုန်ရင်လည်း ပြန်လာပေးတယ်။ ပုံသေချာရိုက်ပြီး ရောင်းတော့ တော်တော်ဝယ်ကြတယ်။
အားသာချက် – အရင်းအနှီးမရှိ
အားနည်းချက် – ထားစရာနေရာလိုတယ်၊ အားစိုက်ထုတ်ရောင်းမှ လူမြင်ပြီးဝယ်ကြတာ
၁၆။ ဆံပင်ကျွတ်
ဆံပင်ကို ဒီခေတ်ကြီးမှာ black gold လို့တင်စားခေါ်ဝေါ်ကြတယ်။ အရောင်မဆိုး၊ မကောက် မဖြောင့်ထားတဲ့ဆံပင်ကို virgin hair လို့ခေါ်ပါတယ်။ လူသားအရင်းအမြစ်ဆီကပဲ ရနိုင်ပြီး အတုက အစစ်ကိုမှီအောင် ဘယ်လိုမှ တုမရတော့ ဆံပင်အစစ်ကို စျေးကောင်းပေးဝယ်ကြတယ်။ ဆံပင်အတိုအစမဟုတ်ပဲ ကျွတ်တဲ့ဆံပင်ကို စုပြီးရောင်းစားလို့ရပါတယ်။ ဖြတ်ပြီးရောင်းမယ်ဆိုရင် အနည်းဆုံး ၈ လက်မက စရောင်းလို့ရပါတယ်။ ဝယ်ပြီးတဲ့ဆံပင်တွေကို တရုတ်ပြည်ကနေ အနောက်နိုင်ငံအထိ တင်ပို့ရောင်းချကြတယ်။ ဆံပင်အစစ်ကို ရနိုင်ဖို့ခက်လာတော့ ဘာသာရေးနဲ့တစ်ဖက်လှည့်ဝယ်ကြသူတွေလည်းရှိပါတယ်။ ဒါကတော့ ထားပါလေ …။ ဆံပင်နဲ့ ပတ်သတ်ပြီး စလုပ်ချင်ရင် အိမ်က ဆံပင်ရှည်တဲ့တစ်ယောက်ယောက်ဆီက ဆံပင်ကျွတ်တွေစုထည့်ထားတဲ့ အိတ်ကို လိုက်ရှာပြီး ဆံပင်ကျွတ်တွေ ဝယ်တယ် …. လာအော်နေရင် ခေါ်ရောင်းလိုက်တော့…။ ဒီထက်ပိုလုပ်ချင်ရင် အင်းစိန်ဘက်မှာ ဆံပင်အဝယ်ဒိုင်တွေရှိတယ်။ ကြည့်ကျက်လှုပ်ရှားဖို့အချိန်ကျပြီ…။
အားသာချက် – စျေးကောင်းရတဲ့ပစ္စည်း
အားနည်းချက် – ပစ္စည်းရှာနိုင်မှ တော်ကာကျမယ်
၁၇။ အသုပ်စုံရောင်း
မြန်မာနိုင်ငံ ဘယ်နေရာရောက်ရောက် အသုပ်ဆိုင်ရှိတယ်။ ရပ်ကွက်တိုင်းရှိတယ်။ အစပ်အဟပ်တည့်ရင် လူစည်နေရောပဲ။ လူတိုင်းစားတယ်။ ဒီအတိုင်းစားလိုက်၊ ထမင်းနဲ့ရောစားလိုက်၊ ရည်းစားနဲ့ချိန်းစားလိုက်၊ သူငယ်ချင်းနဲ့ စကားလက်စုံကြချိန်ဆို စားလိုက်နဲ့ အကြောင်းအမျိုးမျိုး ပြစားကြတာ။ ဟင်းချက်ကျွမ်းရင် စသင့်တဲ့ လုပ်ငန်းတစ်ခုပါ။
အားသာချက် – လူတိုင်းကြိုက်တဲ့စားစရာ။ လမ်းဘေးဖွင့်လည်း လူလာတယ်။
အားနည်းချက် – အသုပ်သုပ်တဲ့စကေးကောင်းမှ၊ ပိုက်ဆံတော့ နည်းနည်းရင်းရမယ်။
၁၈။ လက်သည်း ခြေသည်းအလှပြင်
ဒီအလုပ်ကတော့ လက်သည်း ခြေသည်းအလှပြင်တတ်ဖို့လိုတယ်။ လက်သည်းမပြင်ရ မနေနိုင်တဲ့လူတွေ အများကြီးရှိတယ်။ ခြေစွယ်ငုတ်တတ်သူဆို တစ်လတစ်ခါလောက်ကို သွားနေရတာ။ ကိုဗစ်ကာလမှာ လက်သည်းဆိုင်တွေ မဖွင့်တော့ ဒီအကြံရသွားတယ်။ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု့ပေးနိုင်ရင် မဆိုးဘူး။ တချို့ယောက်ျားလေးတွေ လက်သည်းခြေသည်းသန့်ရှင်းရေးလုပ်ချင်ပေမဲ့ ဆိုင်သွားရင် အကြည့်ခံရတာ မကြိုက်လို့ မသွားကြဘူး။ သူတို့အတွက်လည်း အဆင်ပြေမှာ။ အိမ်ထဲက အိမ်ပြင်မထွက်ချင်သူအတွက်လည်း ကောင်းတယ်။
အားသာချက် – ဆိုင်ခန်းနေရာ ထိုင်ခုံ အပြင်အဆင်စသည်ဖြင့် မလိုဘူး
အားနည်းချက် – ခေါ်မှသွားရမှာ။ လိုအပ်တဲ့ပစ္စည်း သယ်ရလွယ်တာမျိုး ရှိနေမှ။
မီရှဲစဉ်းစားမိသလောက်တော့ ဒီလောက်ပါပဲ။ တကယ်လုပ်မှ တကယ်ဖြစ်မှမို့ အခုချိန် အလုပ်စလုပ်ဖို့တွေးနေသူအတွက် အထောက်အကူဖြစ်မယ်ထင်ပါတယ်။ တခြားနည်းတွေက ဒေသထွက်ရာသီပေါ်သီးနှံရောင်း၊ စာအုပ်အဟောင်းရောင်း၊ မြေဩဇာလုပ်ရောင်း၊ resin ပစ္စည်းလုပ်ရောင်း၊ handmade ပစ္စည်းလုပ်ရောင်း၊ ပန်းချီဆွဲရောင်း၊ စာသင် စသည့်ဖြင့်ရှိပါသေးတယ်။ မီရှဲ ဘယ်ကယူရောင်းရမှာ၊ ဘယ်လိုလုပ်တာ အသေးစိတ်ကိုသေချာမသိတဲ့အပိုင်းမို့ ထည့်မရေးထားတာပါ။ အဆင်ပြေကြပါစေ …
ချစ်တဲ့
ရန်ကုန်သူမီရှဲ
အပိုင်း (၁)ကို ဒီလင့်ခ်ကနေ ဖတ်လို့ရပါတယ်။